Search This Blog

Friday, July 17, 2015

ရွေှနတ်တောင် စေတီတော်မြတ်ကြီး သမိုင်း.

မန်မာနိုင်ငံမှဘုရားများ သမိုင်း wrote a new note:
 ရွေှနတ်တောင် စေတီတော်မြတ်ကြီးသည် ပဲခူးတိုင်း(အနောက်ပိုင်း)၊ ရွေှတောင်မြို့တွင် ရှိသော သမိုင်းဝင် တန်ခိုးကြီး ဘုရား၊ ပုထိုး၊ စေတီများတွင် တစ်ဆူအပါအဝင် ဖြစ်ပါသည်။ ရွေှတောင်မြို့၏ အနောက်တောင်ယွန်းယွန်း လေးမိုင်ခန့် အကွာတွင် တည်ရှိသော မယားမန်ရွာအနီး နတ်တောင်ပေါ်တွင် ရွေှရောင်တဝင်းဝင်းဖြင့် ကြည်ညိုဖွယ် သပ္ပယ်စွာ တည်နေတော်မူပါသည်။ စေတီတော်ကြီး တည်စဉ်ကာလတွင် လူပုဂ္ဂိုလ်များ တစ်နေကုန်တည်သည့် ဉာဏ်တော်ထက် နောက်တနေ့အာရုဏ်တက်တွင် ဖူးတွေ့ရသော ဉာဏ်တော်မှာ ပိုမြင့်နေသဖြင့် လူတစ်ရစ် နတ်တစ်ရစ်တည်ခဲ့သည်ဟု အဆိုရှိပါသည်။ ရွေှနတ်တောင်စေတီတော် မြတ်ကြီး၏ ကြည်ညိုဖွယ်ရာ သမိုင်းအကျဉ်းချုပ်ကို မိတ်ဆွေများ ဖတ်ရှု့လေ့လာမှတ်သား ကုသိုလ်သဒ္ဒါပွားနိုင်စေရန် ရေးသားပူဇော်လိုက်ပါသည်။
 
"ရွေှနတ်တောင်စေတီတော်" သမိုင်းအကျဉ်းချုပ်
ရွေှတောင်မြို့။      ။ မဟာမဏ္႑လ မဇ္ဈိမ (အနောက်ဒေသ) တွင် အစဦးစွာ မင်းပြုသော မဟာသမ္မတမင်းမှစ၍ (၂၈) ဆက်မြောက် အစ္စိမမင်းကြီး၏ သားတော် သူရတပမင်းသည် မဇ္ဈိမဒေသမှ သုနာပရန္တ (အရှေ့) ဒေသသို့ ချေွရံများစွာတို့နှင့် ထွက်ခွာလာခဲ့ရာ ကဉ္စနာဂီရိ (ခေါ်) ရွေှရောင်တောက်ပနေသည့် တောင်ကြီးကို တွေ့သဖြင့် "ရွေှတောင်မြို့" တည်ကာ မင်းပြုစိုးစံတော်မူသည်။
သူရတပမင်းသည် နှစ်စဉ် တပေါင်းလ ရောက်သောအခါ ရွေှတောင်မြို့ တောင်ဘက်ရှိ ဒေဝါဂီရိ (ခေါ်) နတ်တောင်သို့ ကြွချီး၍ နက္ခတ်သဘင် (တောင်တက်သဘင်ဟုလည်း အဆိုရှိပါသည်) ဆင်ယင်ပြုလုပ် ကျင်းပလေ့ရှိရာမှ ယခုအချိန်ထိ တပေါင်းလတွင် ရွေှနတ်တောင် ဘုရားပွဲတော် ကျင်းပမြဲဖြစ်ပါသည်။
ရွေှတောင်မြို့ ပျက်စီးခြင်း။     ။ သူရတပမင််းမှ (၃၆) ဆက်မြောက် တနင်းလာနံ မင်းလက်ထက်တွင် ကဉ္စနာဂီရိ (ခေါ်) ရွေှတောင်ပြည်ကြီး ပျက်စီးကာ နိဂုံး (ရွာကြီး) အနေအထားသာ ကျန်ရှိခဲ့ပါသည်။ သမိုင်းတွင် "ပူးကကျားဆုံး တိုင်းအလုံး နိဂုံးရပ်ကြီး ဖြစ်လတ္တံ့" ဟု အဆိုရှိပါသည်။
 
ဗုဒ္ဓဂေါတမ ပွင့်တော်မူခဲ့ခြင်း။    ။(ဘီစီ ၆-ရာစု) မဟာသက္ကရာဇ် (သက္ကရာဇ် အသစ်ဟုလည်း ခေါ်ပါသည်) ၁၀၃-ခုတွင် မဇ္ဈိမဒေသတွင် ဗုဒ္ဓဂေါတမ ပွင့်တော်မူခဲ့ပြီး ၁၀၄-ခု တွင် မြတ်စွာဘုရားသခင်သည် ဒေဝါဂီရိ (ခေါ်) နတ်တောင်သို့ ကြွတော်မူခဲ့ပါသည်။ ထိုအချိန်က ဤနေရာ၊ ဤဒေသရှိ လူတို့၏ စရိုက်ဘာသာ ဓလေ့အလိုက် (ပုဂ္ဂလဇ္ဈာသယ အားလျော်စွာ) မြတ်စွာဘုရားရှင်သည် ရွေှရောင်တောက်ပသော နတ်သားအသွင် ဖန်ဆင်းတော်မူလျက် နိဂုံးသူ နိဂုံးသားတို့အား (၇) ရက်တိုင်တိုင် တရားဒေသနာတော် ဟောကြားတော်မူပြီးနောက် ဗုဒ္ဓသာသနာ အရှည်ထွန်းကားစေရန် ကိုယ်စားတော် (နိမ္မိတ) ရွေှနတ်ရုပ်ကြီးကို ထားတော်မူခဲ့ပါသည်။
ရွေှနတ်တော် စေတီတော် တည်ထားခြင်း။     ။မြတ်စွာဘုရား၏ ကိုယ်ပွားတော် (နိမ္မိတ) ရွေှနတ်ရုပ်ကြီးကို နိဂုံးသူ၊ နိဂုံးသားတို့က အုတ်၊ အင်္ဂတေတို့ဖြင့် မြို့လျက် စေတီတည်ကာ ကိုးကွယ်ခဲ့ကြပါသည်။ (ရွေှရောင်တောက်ပနေသော နတ်ရုပ်ကြီးကို ဌာပနာလျက် စေတီတည်ထားခြင်းကြောင့် "ရွေှနတ်တော် စေတီ" ဟု ခေါ်တွင်ခဲ့ကြပါသည်။) စေတီတည်ရာတွင် နေ့အခါတွင် လူတို့တည်ကြပြီး၊ ညအခါ နတ်တို့တည်ကြသည်ကို အစွဲပြု၍ "လူနတ် နှစ်လီ တစ်ရစ်စီ စေတီရွေှနတ်တောင်" ဟု သမိုင်းအဆိုရှိခဲ့ပါသည်။
 
သက္ကရာဇ် ၁၀၄-တွင် ဘုရားတည်ခြင်းကြောင့် "ဇယသုဉ်ဧစ် နတ်တောင်ဖြစ် မှတ်လစ်နှစ်ကောဇာ" ဟု သမိုင်းတွင် တွေရှိရပါသည်။
သရေခေတ္တရာခေတ်။    ။ဒွတ္တဘောင်မင်း၏ မိဖုရားများဖြစ်ကြသော ပိဿနိုးမိဖုရားနှင့် စန္ဒာဒေဝီမိဖုရားတို့သည် နှစ်ပေါင်း ၁၄၀ ကျော်သဖြင့် ပျက်စီးယိုယွင်းနေသော ရွေှနတ်တောင် စေတီတော်ကို ဘုရားရှင်၏ ဓာတ်တော် ၁၈၂-ဆူကို ဋ္ဌာပနာ၍ (၁၆၂-ဆူဟုလည်း အချို့စာတွင် တွေ့ရပါသည်) ထပ်မံပြုပြင် တည်တော်မူခဲ့ရာ ဉာဏ်တော် ၁၅-တောင်ထိ မြင့်ခဲ့ပါသည်။
 
ပုဂံခေတ်။   ။ကောဇာသက္ကရာဇ် ၆၄၈-ခုနှစ်တွင် ပြည်စား သီဟသူသည် ခမည်းတော်မိန့်မှာသည့် စကားအရ လက်စွတ်တော်ကို ရောင်းချ၍ ရွေှနတ်တောင် စေတီတော်ကို ပြုပြင်မွန်းမံ တည်ဆောက်တော်မူခဲ့ရာ ဉာဏ်တော် (၄၄) တောင်ရှိခဲ့ပါသည်။
`(ထိုအချိန်တွင် "ဗာရာဏသီမြို့၏ အရှေ့တောင်စဉ်တစ်တန်းဝယ် ရွေှထွက်သော တောင်သုံးလုံးရှိသည်ကိုစွဲ၍ ရွေှတောင်မြို့ သမုတ်သည်" ဟု တွေ့ရှိရပါသည်။)
တောင်ငူခေတ်။   ။တောင်ငူဘုရင် တပင်ရွေှထီးသည် ၈၉၂-ခုနှစ်တွင် ထီးနန်းတက်ပြီးနောက် ပြည်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးလျင် ဟောင်းနွမ်းနေသော ရွေှနတ်တောင် စေတီတော်ကို ပြုပြင်မွမ်းမံ၍ ကိုယ်တော်လုံးပြည့် ရွေှသင်္ကန်းကပ်လှူပါသည်။
အင်းဝခေတ်။    ။သက္ကရာဇ် ၁၁၀၀-မပြည့်မီ ဟံသာဝတီရောက်မင်း၏ မြောက်နန်း မိဖုရားသည် သားတော်အနော်ရထာမင်းစောနှင့် သမီးတော် ထိပ်ပန်းမင်းသမီးတို့ကို ရွေှတောင်မြို့ စားစေခဲ့ရာ ရွေှနတ်တောင်စေတီတော်ကို များစွာ ပြုပြင်ခဲ့ပါသည်။
ကုန်းဘောင်ခေတ်။   ။သက္ကရာဇ် ၁၁၄၆-ခုနှစ်တွင် ဘိုးတော်ဘုရား၏ သားတော် အိမ်ရှေ့မင်းသည် ရခိုင်ပြည်မှအပြန် ရွေှနတ်တောင် စေတီတော်ကို ဝင်ရောက်ဖူးမျှော်၍ ကိုယ်တော်အပြည့် ရွေှသက္ကန်းကပ်လှူခဲ့ပါသည်။
 
သက္ကရာဇ် ၁၂၀၀-ပြည့်နှစ် အင်္ဂလိပ်-မြန်မာ စစ်ဖြစ်နေစဉ် ရွေှတောင်မြို့ ကျီးသဲလေးထပ်ဆရာတော် အရှင်လာဘာဝရသည် မွန်းမံ၍ ရွေှသက္ကန်းကပလှူခဲ့ပါသည်။
သက္ကရာဇ် ၁၂၂၀-ပြည့်နှစ်တွင် မိုးကြီးသည်းထန်စွာ ရွာသွန်းသောကြောင့် စေတီတော်ကြီး၏ ထီးတော်၊ ငှက်ပျောဖူးတော်၊ ဖောင်းရစ်တော်တို့ မြေခပျက်စီးသဖြင့် ရွေှတောင်မြို့ ကန်ကြီးဒါယကာ ဦးမှော်၊ ဦးလင်း၊ ဦးညှင်း အစရှိသော ဘဏ္႑ာတော်ထိန်းအဖွဲ့မှ ပြုပြင်မွမ်းမံခဲ့ရာ ဉာဏ်တော် ၅၅-တောင်ထိ ရှိခဲ့ပါသည်။
အင်္ဂလိပ်တို့ အုပ်ချုပ်စဉ်ကာလ။ ။၁၂၅၅-ခု၊ တပေါင်းလတွင် စေတီတော်ကြီး၏ မြောက်ဘက် စောင်းတန်းနှင့်တကွ ပြဿာဒ်ကြီးများ၊ ဇရပ်တန်ဆောင်းများ မီးသင့်လောင်ကျွမ်းခြင်းခံရသဖြင့် ရဟန်းတော် ရှင်သာသနနှင့် နယ်ပိုင်ဝန်ထောက် ဦးရှောင်၊ ရွေှတောင်မြို့ ဦးဆင်၊ ဦးပွား၊ ဦးခိုင် စသော ဘဏ္႑ာတော်ထိန်အဖွဲ့နှင့် ပြည်သူတို့က စေတီတော်ကြီးအား ပြန်လည်ပြုပြင် မွန်းမံခဲ့ကြပါသည်။
သက္ကရာဇ် ၁၂၆၁-ခုနှစ်အထိ ၆-နှစ်မျှ ပြုပြင်မွန်းမံကြသဖြင့် ဉာဏ်တော်ကိုလည်း ယခုဖူးတွေ့ရသည့်အတိုင်း (၈၁) တောင်တစ်ထွာအထိ တိုးမြှင့်ခဲ့ကြပါသည်။
၁၂၆၉-ခုနှစ်တွင် ရွေှတောင်မြို့ ဦးသာဗျော၊ ဦးစံမြ၊ ဦးသာမောင် စသော လူကြီးများ ကြီးမှူးလျက် ရင်ပြင်တော် အုတ်၊ အင်္ဂတေခင်းခြင်း၊ ရွေှပန်းခိုင် (၁၂) ခိုင်၊ စိုက်ထီး (၈) စင်း၊ တံခွန်တိုင် (၄) တိုင် စိုက်ထူလှူခဲ့ကြပါသည်။
 
ဤရွေှနတ်တောင်စေတီတော် သမိုင်းကို ဦးသောင်းခင်(ဓမ္မာစရိယ၊ဘီအေ) ရေးသားပြုစု၍ ဆရာတော် ဦးအဂ္ဂဝံသ(အဂ္ဂမဟာအကျော် အဂ္ဂမဟာပဏ္႑ိတ) မှ တည်းဖြတ်ထုတ်ဝေသော "ရွေှနတ်တောင် စေတီတော် သမိုင်းအကျဉ်းချုပ်နှင့် နှိုးဆော်စာတမ်းမှ" ကူးယူရေးသား ပူဇော်ခြင်းဖြစ်ပါသည်

No comments:

Post a Comment