..........................
ရှင်ပင်ရွှေဂူကြီးမြတ်စွာဘုရား
မန္တလေးတိုင်း
ကျောက်ဆည်မြို့နယ်
ကြောင်ပန်းကုန်း၊ ညောင်ပင်ဇောက်၊ ငယ်တိုးကျေးရွာများအနီး
တမုတ်မြို့ဟောင်း
တမုတ်ရှင်ပင်ရွှေဂူကြီးမြတ်စွာဘုရားသမိုင်းအကျဉ်း
ပထမမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ဖန်ဆင်းတော်မူခဲ့သည့် ထေရ၀ါဒဗုဒ္ဓဘာသာ သာသနာပြုမင်းကြီး-မင်းမြတ်အနော်ရထာသည် ပုဂံနိုင်ငံတော်ကြီး၏ စပါကျီဒေသဖြစ်သော စမုံ၊ စမာ၊ ဇော်ဂျီ၊ ပန်းလောင်နှင့် ဒုတ္ထာဝတီမြစ်တို့ဖြတ်သန်းစီးဆင်းရာ ကျောက်ဆည်လွင်ပြင်တွင် လယ်တွင်း(၁၁) ခရိုင်ခံမြို့များကို အခိုင်အမာတည်ဆောက်တော်မူခဲ့သည်။ ထို့ခံမြို့များမှာ-
(၁) ပင်လယ် (မြို့တွင်းရွာ၊ မြစ်သားမြို့နယ်)
(၂) ပြည်မနား (ကူမဲမြို့အနီး၊ မြစ်သားမြို့နယ်)
(၃) မြစ်သာ (လက်ရှိမြစ်သားမြို့)
(၄) ရမုန်း (စပါးတောရွာအနီး၊ ကျောက်ဆည်မြို့နယ်)
(၅) မြင်းခုံတိုင် (မြင်းချည်တိုင်၊ ကျောက်ဆည်မြို့နယ်)
(၆) ပနန် (ပန်းခွာရွာအနီး၊ ကျောက်ဆည်မြို့နယ်)
(၇) တမုတ် (ညောင်ပင်ဇောက်ရွာအနီ၊ ကျောက်ဆည်မြို့နယ်)
(၈) သင်တောင်း (သင်တောင်းကြီးရွာ၏အရှေ့ဘယ်၊ ကျောက်ဆည်မြို့နယ်)
(၉) မက္ခရာ (ဧည့်ပြရွာအနီး၊ ဇော်ဂျီမြစ်နှင့် မြစ်ငယ်မြစ်ဆုံ၊ စဥ့်ကိုင်မြို့နယ်)
(၁၀) တပြက်သာ (ရွာဟောင်းကုန်းရွာအနီး၊ မြစ်ငယ်မြစ်ရိုး၊ စဥ့်ကိုင်မြို့နယ်)
(၁၁) ခံလူး (လက်ပန်ချိုင့်ကျေးရွာအနီး၊ စဥ့်ကိုင်မြို့နယ်) - ဟူ၍
မြစ်သားမြို့နယ်အတွင်း၌ (၃)မြို့
ကျောက်ဆည်မြို့နယ်အတွင်း၌ (၅)မြို့
စဥ့်ကိုင်မြို့နယ်အတွင်း၌ (၃)မြို့ အသီးသီးတည်းရှိကြသည်။
ထို(၁၁)ခရိုင်တွင်တစ်မြို့ အပါအ၀င်ဖြစ်သောတမုတ်မြို့ဟောင်းသည် ပန်းလောင်မြစ်၏ အရှေ့ဘက် ကြောင်ပန်းကုန်းကျေးရွာအနီးတွင် တည်ရှိခဲ့ပြီး မြင်းခွာပုံသဏ္ဍန်ရှိသော အုတ်မြို့ရိုးကို တည်ဆောက်ခဲ့ကာ အကျယ်အ၀န်းဧရိယာ (၂၅) ဧက ရှိပြီး E=(၆၉.၁၅ံ) , N = (၂၁.၆၃၃ံ) တွင် တည်ရှိသည်။ တမုတ်ရွှေဂူကြီးစေတီတော်မြတ်ကြီး၏ တည်နေရာ မှာ မန္တလေးတိုင်း။ ကျောက်ဆည်မြို့၏ အနောက်ဘက်(၆)မိုင်အကွာတံတားဦးကားလမ်းဘေး ကြောင်ပန်းကုန်း၊ ညောင်ပင်ဇောက်၊ ငယ်တိုးကျေးရွာတို့၏ အလယ်ဗဟိုတမုတ်မြို့ဟောင်းကုန်း၏အတွင်းဘက် အရှေ့တောင်ထောင့်တွင် ကပ်လျှက်တည်ရှိပါသည်။
ရှေးရိုးအစဉ်အလာဖြင့် ပြောဆိုလာခဲ့သည်မှာ လယ်တွင်း(၁၁) ခရိုင်မြို့များ အနက်ပန်းလောင်မြစ်ရိုးတလျောက်တွင်ရှိကြသော ခံမြို့ကိုးမြို့အနီးတွင် အနော်ရထာမင်းကြီးသည် “ရွှေဂူ “ စေတီတော်ကြီး “ ကိုးဆူ “ တို့ကို တည်ဆောက်ခဲ့ရာ -
ခံလူရွှေဂူကြီးစေတီတော် (စော်ရဲရွာအနီး)
တမုတ်ရွှေဂူကြီးစေတီတော် (ကြောင်ပန်းကုန်းရွာအနီး)
ပနန်ရွှေဂူကြီးစေတီတော် (ပနန်ရွာအနီး)
မြင်းခုံတိုင်ရွှေဂူကြီးစေတီတော် (မကျီးတောရွာအနီး)
ရွာငုန်းရွှေဂူကြီးစေတီတော် (မရှက်ရွာအနီး) စသည်အားဖြင့် ရွှေဂူကြီးကိုးဆူတွင် ဤတမုတ်ရှင်ပင်ရွှေဂူကြီးစေတီတော်(ဂူဘုရားကြီး) မှာလည်း တစ်ဂူအပါအ၀င်ဖြစ်ခဲ့သည်။
ရွှေဂူကြီးကိုးဆူတွင် တမုတ်ရှင်ပင်ရွှေဂူကြီး စေတီတော်ကြီးသည် ပုဂံခေတ်ဦးပိုင်းက ပန်းလောင်မြစ်ရိုးတလျောက် အနော်ရထာမင်းကြီး တည်ထားပူဇော်ခဲ့သော ဂူကြီးကိုးလုံး အနက်တစ်လုံးဖြစ်ခဲ့သော်လည်း နှစ်ပရိစ္ဆေဒ ကြာမြင့်လာ၍ ပျက်စီးယိုယွင်းမှုကို ထိန်းသိမ်းပူဇော်သည့်အနေဖြင့်ပုဂံခေတ်နှောင်း (၁၂-ရာစု အနှောင်းပိုင်း)လောက်တွင် မြစ်တော် နရပတိစည်သူမင်းကြီးက မူလ-စေတီတော်ပုံအထွဋ်တင် တစ်ထပ်ဂူဘုရားငယ်ကို ကွန်းတောင်ပေါက်နှစ်ထပ်ဂူဘုရားအဖြစ်ပြောင်းလဲ၊ ပြုပြင်လိုက်သည့်အပြင် အတွင်းရှိ ဆင်းတုတော်အကြီးအငယ်များ၊ အပြင်မှ အလွန်အနုစိတ်လှသော ကနုတ်ပန်းများ၊ တိရိစ္ဆာန် ရုပ်ပုံမျိုးစုံ၊ ကျေးငှက်ရုပ်ပုံမျိုးစုံ၊ လူ၊ နတ်၊ ဗြဟ္မာ၊ ကိန္နရာ -ပေါင်းစုံတို့၏အရုပ်ပုံများဖြင့် အလှဆင်ခဲ့ပါသည်။
နောက်ဆုံးအနေဖြင့် ပင်းယခေတ်သက္ကရာဇ် ၆၈၄-ခု ဥစ္စနာင်းကြီး လက်ထပ်တော်တွင်စေတီတော်၊ စေတီတော်၊ သိမ်တော်၊ ဆင်းတုတော်တို့ကို ထပ်မံလွှမ်းငုံ၍ စေတီတော်အသစ်တည်ထားခဲ့ပါသည်။
ထိုသို့လွှမ်းငုံခဲ့သော ပုဂံရွှေစည်ခုံပုံတော် ဘိနပ်တော်အလျား -၆၁-တောင် (၉၁’- ၆ “)ရှိသော အပြင်စေတီတော်ကြီးအတွက် လိုအပ်သော အုတ်ချပ်များကို တမုတ်မြို့ရိုးမှ တူးဖော်၍ သယ်ယူခဲ့ကြောင်းကို တွေ့ရှိရသည်။ ထိုဘုရားကြီးအပြီးသက္ကရာဇ်၇၁၈ခုတွင် ပင်းယဘုရင် ဆင်ဖြုရှင်ကျော်စွာမင်းက တမုတ်ဘုရားကြီးသို့ ဘုရားဖူးကြွရောက်လာပြီး ဘုရာဝတ္တကမြေများ ၊ အမှု့ လုပ်ကျွန်များ လှူဒါန်းခဲ့ကြောင်းကိုလည်း ကျောက်စာတစ်ချပ်ပေါ်ထွက်လာခဲ့သည်။
တစ်ဖန်ထိုငုံ၍ တည်ထားခဲ့သောအပြင်စေတီတော်သည်ပင် ပင်းယမြို့ပျက်သည်နှင့် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်မှုကင်းကွာပြီး သဘာဝရာသီဥတုဘေးဒဏ်ကြောင့် ဆွေးမြေ့ ပြိုကျ ပျက်စီး၍ အုတ်ပုံကြီးဘ၀ကို ရောက်ရှိကာ စေတီတော်ကြီးနှင့် (၁၃.၆၂)ဧကရှိ ဘုရားကုန်းတော်မြေ တစ်ခုလုံး တော်ချုံနွယ်များ ဖုံလွှမ်းနေခဲ့ပါသည်။
၁၂၂၇-ခုနှစ်တွင် ဘုရားဒါယကာ ဦးစံထွား (ကြောင်ပန်းကုန်း) က ပြိုကျပျက်စီးနေသော စေတီတော်ကြီးထိပ်မျက်နှာပြင်တွင် စိန်ဖူးတော်အထိ ဥာဏ်တော် (၂၁)ပေရှိ စေတီတော် ငယ်တစ်ဆူ တည်ထားပူဇော်ခဲ့ပါသည်။
၁၃၅၂(၁၉၉၃) ခုနှစ်တွင် ကျောက်ဆည်မြို့နယ် (ရွှေကျင်) သံဃနာယက ဆရာတော်ကြီးများနှင့် ရွှေဂူကြီးကျောင်းထိုင်ဆရာတော်၏ လမ်းညွှန်ဦးဆောင်မှုကိုခံယူ၍ အုတ်ကျိုး ၊ အုတ်ပဲ့များကို တူးဖော်ရှင်းလင်းကြရာ ပုဂံခေတ် အင်္ဂတေပန်းတော့လက်ရာ ဒီဇိုင်းများ လိုဏ်ဂူများအတွင်း ဆေးရေးနံရံ ပန်းချီများ ပေါ်ထွက်လာပါသည်။
ယင်းသို့ပေါ်ထွက်လာမှုကို မန္တလေးတိုင်း၊ ရှေးဟောင်းသုတေသနဌာနဌာနခွဲနှင့် မြန်မာမှု ဗိသုကာပညာရှင် တမ္ပ၀တီဦးဝင်းမောင်တို့အား ဖိတ်ခေါ်ပြသ၍ ၄င်းပုဂ္ဂိုလ်တို့၏ခွင့်ပြုချက်၊ လမ်းညွှန်ချက်များကို ရယူပြီး ဆက်လက်ရှင်းလင်းခဲ့ကြပါသည်။
၁၃၅၃ -ခု သီတင်းကျွတ်လပြည့်ကျော် (၃) ရက်နေ့တွင် ဒုတိယလိုဏ်ဂူ ဂန္ဓကုဋိတိုက် အတွင်းရှိ နံရံဆေးရေးပန်းချီများနှင့် ဦးခေါင်းတော် ၂ပေ-၆လက်မ၊ ဥာဏ်တော် ၁၀ပေ ခန့်ရှိ အလွန်သပ္ပာယ်ကြည်ညိုဖွယ်ကောင်းသော အင်္ဂတေရုပ်ပွားတော်ကြီး ကိုယ်တပိုင်းပွင့်ပေါ်တော်မူ ခဲ့ပါသည်။
ယဉ်ကျေးမှုဝန်းကြီးဌာန၊ ရှေးဟောင်းသုတေသန ဌာန၏ စေတီတော်ကြီး ပြုပြင်ရေးခွင့်ပြုချက် ရရှိသဖြင့် ၁၃၇၀ခုနှစ်၊ ကဆုန်လပြည့်နေ့မှ စတင်၍ နေ့စဉ် တူးဖော်ခဲ့ပါသည်။
တစ်ဖန် ၁၃၇၁ခနှစ်၊ ကဆုန်လပြည့်မှစ၍ အနော်ရထာမင်းတည်ထားပူဇော်ခဲ့သော (အငုံခံ) မူလစေတီတော်ကြီး ပွင့်ပေါ်ရေး(ဒုတိယအကြိမ်)ပြိုကျအုတ်များ တူးဖော်ရှင်းလင်းကြပါသည်။
စတင်တူးဖော်သည့်၁၃၇၁-ခုနှစ်၊ ကဆုန်လပြည့်နေ့မှ တော်သလင်းလပြည့်နေ့ အထိပွင့်ပေါ်လာသော စေတီတော်တွင် တွေ့ရှိရသော ရှေးဟောင်းအနုပညာ လက်ရာများမှာ ပန်းဆွဲဘီးလူးများ၊ နံရံအင်္ဂတေပန်းတော့ ရုပ်ကြွများ၊စေတီတော်လေးဘက် မျက်နှာရှိ မုခ်ဦးတံကဲ ကနုတ်ပန်း ဒီဇိုင်းများ ၊ ခြင်္သေ့ ကိုယ်နှစ်ခွ ၊မြင်းခေါင်းနှု့် လူခန္ဓာ(အဿမုခိ)ပုံ ၊ ဆင်ဦးခေါင်းနှင့် ငှက်ကိုယ် (ငှက်ဆင်)ပုံ၊ ဗျိုင်းနှစ်ကောင် လည်လိမ်၊ ကြက်ဖ၊ ဆင်၊ သမင်၊ မျောက်၊ မိကျောင်း၊ ငါးစသည့် ပုံများနှင့် အထက်ပစ္စယံအဆင့်ဆင့်၏မှန်ကွက်များတွင် ရှားပါးအင်္ဂတေဖြင့်ဇာတ်တော် နံပါတ်စဉ်နှင့် ဇာတ်တော်အမည်ရေးထိုးထားသော ငါးရာငါးဆယ် သရုပ်ဖော်ဖောင်းကြွပုံများ ၊မုခ်ဦးအတွင်း ဥာဏ်တော်(၁၀’)ရှိ ရုပ်ပွားတော် စသည့် ရာပေါင်းများစွာသော ဆန်းကြယ်သည့် (၁၂)ရာစုခေတ်ပန်းတော့လက်ရာ အနုစိတ်အင်္ဂတေဒီဇိုင်း နေ့စဉ် တဆင့်ခြင်းပေါ်ထွက်လာခဲ့သည်။
ယခုလို ရှေးဟောင်းရှားပါး ပန်းတော့လက်ရာ များပေါ်ထွက်လာမှုကို ပြည်တွင်း၊ ပြည်ပရှိ အသိပညာရှင် ၊အတတ်ပညာရှင်များက ပုဂံလက်ရာ တမုတ်ရွှေဂူကြီးစေတီတော်မြတ်ကြီးကို ဖူးတွေ့ရသည်မှာ အံ့ဩကြည်ညိုစရာ ကံကောင်းခြင်း၊ တစ်ရပ်ဖြစ်ကြောင်း၊ ဘာသာ၊ သာသနာအရလည်းကောင်း သမိုင်းနှင့်ရာဇ၀င်ဆိုင်ရာ အထောက်အထားများ အရလည်ကောင်း ၊မြန်မာ့ယဉ်ကျေးမှု အနုပညာ ဗိသုကာ အုတ်မြစ်ကို ထုတ်ဖော်ခြင်း၊ မြန်မာတို့၏ ရှေးဘိုးဘွား အမွေအနှစ်ကို ဖော်ထုတ်ခြင်းဖြစ်ကြောင်း ၊ပုဂံယဉ်ကျေးမှု နယ်ငယ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုသော ရှေးဟောင်း ရှားပါးအနုစိတ်လက်ရာများ ဖြစ်ကြောင်း ၊အရှေ့တောင်အာရှနိုင်ငံများရှိ အခြားသော ဗုဒ သာသနိက အဆောက်အအုံများကဲ့သို့ ယဉ်ကျေးမှုတန်းဖိုးကြီးမားလှကြောင်း စသည်ဖြင့် မှတ်ချက်ပြုကြပါသည်။
သို့ဖြစ်ပါ၍ ဤတမုတ်ရှင်ပင်ရွှေဂူကြီးစေတီတော်ကြီးသည် ပုဂံခေတ်အေဒီ(၁၁)ရာစုမှစ၍ ပင်းယခေတ်အေဒီ(၁၄)ရာစုအတွင်း အနုပညာလက်ရာများ (ရှေးမူလလက်ရာအတိုင်း) တစ်နေရာတည်း အပြည့်အစုံဆုံး စုဝေးတည်ရှိရာ မြန်မာနိုင်ငံ၏တစ်ဆူတည်းသော မြန်မာ့ဂုဏ်ဆောင် စေတီတော်ကြီးပင် ဖြစ်ပေတော့သည်။
စေတီတော်ကြီး၏ တည်ဆောက်မှုဖြစ်စဉ်-သမိုင်းစဉ်
၁။ကိုးတိုင်းကိုးဌာနသာသနာပြု-သီရိဓမ္မာသောကမင်းကြီး လက်ထက်တော်၌ တမုတ်ဌော စေတီတော်ငယ်ကို တည်ထားခဲ့သည်။
၂။ပုဂံခေတ်ဦး -၁၁-ရာစုတွင် အနော်ရထာမင်းကြီးက ဂူကြီးကိုးလုံး အပါအ၀င်မြောက်သို့ မျက်နှာလှည့်တမုတ်ရှင်ပင်ရွှေဂူကြီး(ဂူဘုရားကြီး) နှင့် ဆင်းတုတော်၊ သိမ်တော်များ တည်ထားခဲ့သည်။
၃။မြစ်တော်-နရပတိစည်သူမင်းကြီးလက်ထက်တော်တွင် အနော်ရထာမင်းကြီးကောင်းမှု စေတီပေါက် တစ်ထပ်ဘုရားငယ်ကို ကွမ်းတောင်ပေါက်-နှစ်ထပ်-ဂူဘုရားအဖြစ် ဆက်လက်ပြုပြင တည်ထား ခဲ့သည်။
၎။၁၁- ၁၂- ၁၃-ရစု ပုဂံခေတ်တလျောက် ဆင်းတုတော်များ၊ ပလ္လင်တော၊ ကြမ်းပြင်များအားလုံးသည် သုံးကြိမ်၊ သုံးခါတိုင်တိုင် အထပ်ထပ် ပြုပြင်လွှမ်းထုံ တည်ဆောက်ထားခဲ့သည်။
၅။ပင်းယခေတ် သက္ကရာဇ်၆၈၄-ခုနှစ်တွင် မင်းကြီးဥစ္စနာက ဂူ၊ ဘုရား၊ သိမ်အားလုံးကို လွှမ်းငုံ၍ ဘိနပ်တော်- ၆၁-တောင်ရှိ စည်းခုံပုံစေတီတော်ကြီး တည်ထားခဲ့သည်။
၆။အင်္ဂလိပ်မင်းလက်ထက်သက္ကရာဇ်-၁၂၇၇-ခုနှစ်တွင် ပြိုပျက်နေသောအုတ်ကုန်းကြီးထိပ်၌ ထီးစိန်ဖူးတော်အထိ ဥာဏ်တော် ၂၁-ပေရှိ စေတီငယ်ကို တကာ-ဦးစံထွား မှ ပူဇော်တည်ဆောက်ခဲ့သည်။
၇။၁၉၉၃-ခုနှစ်တွင်ဆရာတော် အရှင်စန္ဒောဘာသ ရွှေဂူကြီးဘုရားသို့ ကြွရောက်သီတင်းသုံး၍ မြောက်ဘက်မှ ၀င်ပေါက်ကို ရှင်းလင်းဖော်ထုတ်ခဲ့သည်။
၈။၁၉၉၄-ခုနှစ်၌ ဆက်လက်၍ အုတ်ကျိုးအုတ်ပဲ့များကို ရှင်းလင်းရာတွင် ပင်မ-တိုက်မကြီးရှိ ဆင်းတုတော်ကြီး၏ မျက်နှာတော်ပိုင်းကို ဖော်ထုတ်နိုင်ခဲ့သည်။
၉။၂၀၀၈-ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားကို ပြုပြင်ခွင့် အမိန့်ရရှိသည်။
၁၀။ထိုနေ့မှစ၍ အပြင်လွှမ်းငုံစေတီတော်ကြီး၏ အုတ်ကျိုး၊ အုတ်ပဲ့ဝမ်းစာဖြည့်အုတ်များကို လုပ်အားဒါနရှင်များ၏ လုပ်အားအလှူဖြင့် စတင်ဖယ်ထုတ်နိုင်ခဲ့သည်။
၁၁။၂၀၀၉-ခု (၁၃၇၁-ခု တော်သလင်းလပြည့်နေ့)တွင် အင်္ဂတေပန်းတော့အနုစိတ်လက်ရာများ အပြည့်ပါရှိသော အတွင်းစေတီတော်ကြီး ပေါ်ထွက်လာခဲ့သည်။
၁၂။၂၀၁၀-ခုနှစ် နှစ်ဦးပိုင်းမှစ၍ အတွင်းစေတီတော်နှင့် အပြင်စေတီတော်ကြီး၏ လက်ကျန်အပိုင်းများကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။
ရှင်ပင်ရွှေဂူကြီးမြတ်စွာဘုရား၏ထူးခြားချက်များ
၁။ပုဂံမြို့နှင့်မိုင်(၁၂၀)ကွာဝေးသော ကျောက်ဆည်ဒေသတွင် ပုဂံခေတ် လက်ရာဂူဘုရားတစ်ဆူအဖြစ် တည်ရှိခြင်း။
၂။ ပုဂံဒေသတွင်
(က)အရွယ်ကြီး(ခ)အရွယ်လတ် (ဂ)အရွယ်ငယ် ဟူ၍ နှစ်ထပ်ဂူဘုရားအမျိုးအစားများစွာ ရှိရာ အရွယ်အစားသေးငယ်သော်လည်း ဗိသုကာ အစိတ်အပိုင်းများ အပြည့်အစုံ ထည့်သွင်းထားသော(M INATURE) စေတီတော်ငယ် ဖြစ်ခြင်း။
၃။ပုဂံမြို့ရှိ ဂူဘုရားများတွင် ကနုတ်မပါ ပြောင်ထားသော အပြင်နံရံများတွင် ၁၂" x ၁၂" အရွယ်အနုစိတ်ကနုတ်ပန်းခက်များနှင့် အရုပ်မျိုးစုံပါရှိသဖြင့် ဤဂူဘုရားကြီးသည် အပြောက်အမွန်း အပြည့်အစုံပါသော "ဂူပြောက်" အမျိုးအစားဖြစ်ခြင်း။
၎။ပုဂံစေတီတော်များတွင် ရွှေစည်းခုံ၊ မင်္ဂလာစေတီ၊ စမ္မရာဇိကစသော စည်းခုံပုံစေတီတော်ကြီးများတို့တွင်သာငါးရာငါးဆယ်စဥ့်ကွင်း ဇာတ်တော်များပါရှိပြီး အာနန္ဒာစေတီတော်မှအပ ကျန်ဂူဘုရားများတွင် ငါးရာငါးဆယ်ဇာတ်တော်များ ပါရှိလေ့မရှိသော်လည်း "ငါးရာငါးဆယ်ဇာတ်တော်များ ပါရှိခြင်း "။
၅။ကျောက်ဆည်ဒေသရှိပုဂံခေတ်ဂူဘုရားများသည် ထိပ်တွင်စေတီပေါက်ဂူဘုရားများသာဖြစ်ပြီး ဤရှင်ပင်ရွှေဂူကြီးဘုရားမှာ "ထိပ်တွင်ကွန်းတောင်ပေါက်စေတီတော်ဖြစ်ခြင်း"။
၆။ပုဂံခေတ်တွင် ကျောက်စာ၊ ပေစာ၊နံရံစာ၊ အုတ်ခွက်စာ ၊အုတ်ခဲစာ၊ ကြေးပြားစာ၊ပိတ်စစာ ဟူ၍သာရှိရာ ဤရှင်ပင်ရွှေဂူကြီးဘုရားတွင် အင်္ဂတေစာပါရှိသဖြင့် “မြန်မာနိုင်ငံတွင် တစ်ဆူတည်းသော အင်္ဂတေစာပါရှိသည့် စေတီတော်” ဖြစ်ခြင်း။
၇။ဤရှင်ပင်ရွှေဂူကြီးစေတီ ပုဂံခေတ်ဘုရားကြီးသည် ပင်းယခေတ်သက္ကရာဇ်(၇၀၀)ကျော်ခန့်က အပြင်မှငုံ၍ တည်ထားသည့် “နှစ်ထပ်စေတီတော်” ဖြစ်ခြင်း။
၈။အပြင်မှ စေတီတော်ငုံထားသဖြင့် လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာခန့်က အခြေအနေအတိုင်း ပျက်စီးမှုနည်းပါးစွာဖြင့် အကောင်းပကတိပြည့်စုံစွာ ဖူးတွေ့နိုင်ခြင်း။
၉။ဤဘုရားကြီးသည် အချို့သောပုဂံဘုရားများကဲ့သို့ ထွက်ရပ်ပေါက်ပညာဖြင့်စီမံတည်ထားခဲ့သဖြင့် ၀င်ပေါက်သည် မြောက်ဘက်သို့လည့်နေသော ရှားပါးသည့် “မြောက်လှည့်ဂူဘုရားကြီး” ဖြစ်ခြင်း။
သုံးထပ်ဆင်းတုတော်များ
ပင်းယခေတ် အပြင်လွှမ်းငုံစေတီတော်ကြီးကို ဖယ်ရှားလိုက်သောအခါ ပုဂံခေတ်- နှစ်ထပ် ဂူဘုရားကြီးပေါ်ထွက်လာခဲ့ပြီးနောက် ဂူဘုရားကြီး၏ အနောက်မြောက်ထောင့်တွင် အနောက်ဘက်လှည့် အုတ်ရိုးဆင်းတုတော်ကြီးတစ်ဆူနှင့် ၀ဲယာမှ ဆင်းတုတော်ငယ်နှစ်ဆူပါရှိသော သိမ်တော်ကြီးတစ်ဆောင်နှင့် ဂူဘုရားကြီး၏ အနောက်တောင်ထောင့်တွင် အလျား -၃၆ပေ၊ အနံ -၁၂ပေခန့်ရှိသော အုတ်ရိုးအတွင်း၌ ကျောချင်းကပ် အုတ်ရိုးဆင်းတုတော်ငယ်နှစ်ဆူတို့ပေါ် ထွက်လာခဲ့သည်။ ဤအဆောက်အအုံများ၏ ကြမ်းပြင်မှာ လက်ရှိမြေပြင်အောက် -၅ပေ အနက်တွင် တည်ရှိကြသည်။
ထိုနေရာနှစ်ခုလုံးကို အသေးစိတ်တူးဖော်လေ့လာရာတွင် ဆင်းတုတော်များသည်လည်းကောင်း၊ အောက်ခံကြမ်းပြင်များသည်လည်းကောင်း သုံးဆင့်သုံးထပ်စီရှိနေကြသည်ကို တွေ့ရှိရသည်။ အတွင်းသုံးထပ်သည် -၁၁-ရာစု ပုဂံခေတ်လယ် ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း၊ နရပတိစည်သူမင်း၊ ထီးလိုမင်းလိုမင်းတို့၏ ခေတ်နှင့်သက်ဆိုင်သည်။ အပြင်ဆုံးအထပ်ထပ်သည် -၁၃-ရာစု ပုဂံခေတ်နှောင့်ပိုင်းကာလနှင့် သက်ဆိုင်ကြောင်း တွေ့ရှိရသည်။
ထိုဆင်းတုတော်များ၏ အတွင်းဆုံးအထပ် ပလ္လင်တော်ထက်ရှိကြာမှောက်ကြာလှန် အုတ်ရိုးပလ္လင် တော် အုတ်စီထားပုံမှာ ပုဂံခေတ်အနော်ရထာမင်းကြီး၏ လက်ထက်တော် ပန်းရန်အုတ်စီပုံအတိုင်း အုတ်များကို ကြာဖတ်များပုံသဏ္ဍာန် အခုံး၊ အခွက်ပေါ်အောင် အုတ်ကို စိတ်ရှည်စွာ ပညာသားပါစွာ ခုတ်ထွင်း၊ ထုဆစ်၍ စီထားသော ရှားပါးသည့် လက်ရာမျိုးဖြစ်သည်။
စနေထောင့်ရှိ အနောက်လှည့်ရုပ်ပွားတော်မှာ ၁၃ ရာစု ပုဂံခေတ်နှောင်းလက်ရာဖြစ်သော်လည်း ၁၃ ရာစု ဆင်းတုတော် အောက်ခြေရှိ ပလ္လင်တော်အောက်တွင် ရှေးကျသော ပလ္လင်တော်နှစ်ဆူ ရှိနေသေးသည်ကို တွေ့ရသည်။ ပလ္လင်တော်များမှာ အရွယ်တူ၊ အမြင့်တူ ဖြစ်၍ ပထမခေတ် ဆင်းတုတော်ကို ဒုတိယခေတ်ပလ္လင်တော်က ငုံ၍ တည်ထားပြီး ဒုတိယခေတ်ဆင်းတုတော်ကို နောက်ဆုံးခေတ် ပလ္လင်တော်က ငုံ၍ တည်ထားခဲ့ကြောင်း သဲလွန်စများ တွေ့ရှိရသည်။
အထင်ရှားဆုံးမှာ အရှေ့ဘက်လှည့် ဆင်းတုတော်ဖြစ်သည်။ အတွင်းဆုံး၌ အနော်ရထာမင်း လက်ထက် ဂုတ္တခေတ်ဟန် ၁၁- ရာစုဆင်းတုတော်ရှိပြီး အလယ်၌ ပါလခေတ်ဟန် ၁၂-ရာစု နှောင်း လက်ရာဖြစ်သည်ကိုတွေ့ရှိရသည်။ ဆင်းတုတော်များအားလုံး၌ မြေမီးဖုတ်ခရုခွေ ဆံတော်များ စိုက်ထားသည်ကို တွေ့ရှိရသည်။
အင်္ဂတေပန်းတော့ လက်ရာများ၏ ထူးခြားချက်များ
၁။ပုဂံတစ်မြို့လုံးတွင် မြင်းကပါရွာ၏အရှေ့ ကုသိနာရုံဘုရား၌သာ ဖူးတွေ့နိုင်သော ထိပ်တွက်ဂဠုန်မင်း၊ အလယ်တွင် နဂါးသုံးကောင်နှင့် အောက်ဆုံးတွင်ဘီလူးခေါင်းပုံပါရှိသော၊ စိုင်ပေါင်ဘေးရှိ အင်္ဂတေပန်းတော့လက်ရာကို ဤဘုရား၌ အကောင်းပကတိတွေ့ရခြင်း။
၂။ပုဂံတစ်မြို့လုံးတွင် ဘုရားအမှတ် 1410 (မင်္ဂလာစေတီအနှီး)၌သာ ဖူးတွေ့နိုင်သောထောင့်စေတီ အောက်ရှိ၊ ကိုယ်နှစ်ခွ-ရုပ်ကြွ ခြင်္သေ့မင်းပုံ (ခေါင်းမပါရှိတော့)ကို ဤဘုရား၌ အကောင်းပကတိ- ထောင့်နှစ်ထောင့်တွင် ကျန်ရှိနေခြင်း။
၃။ပုလဲသွယ်များ၊ ခါးတောင်းမြီးနှင့် ခါးစည်းကြိုများပါရှိသည့် ရှားပါးလှသော တင်ပြင်ခွေ ရှိခိုးလျှက်ရှိ သော နတ်မင်းကြီး ၁၆-ပါး၏ ပုံတော်များပါရှိခြင်း။
၎။သပိတ်မှောက်(ခေါင်လောင်း)တွင် ရင်ဘွဲ့ ခါးစည်းကြိုးမပါရှိဘဲ ဖောင်းရစ်(ဆတ္တ၀လိ)တွင် စိန်တောင်ရှစ်ခုပါသော ရှေးကျသည့် စေတီတော်ပုံစံကို ထောင့်စေတီ(၁၆)ဆူအဖြစ် တည်ထားခဲ့ခြင်း။
၅။တိရိစ္ဆာန်မျိုးစုံ ငှက်မျိုးစုံကို -၁၂-ရာစု ကနုတ်ပန်းများနှင့်အတူ ထည့်သွင်းပြုလုပ်ထားခြင်း။
၆။တိုက်မ၏ ကလပ်တိုးထောင့်များရှိ ထောင့်ခလုတ်ကို ပုဂံမြို့ စူဠာမနိဘုရား ထောင့်ခလုတ်ကဲ့သို့ အလွန်လှပ၍ ကြွကြွရွရွရှိသော ဘီလူးခေါင်းပုံ-ထုလုပ်ထားခြင်း၊
၇။နံရံတွင် မာရဘင်ကွက်များဖော်၍ ဆင်၊မြင်း၊ဟသာင်္၊ ဥဒေါင်း၊ လွန်းကြင်၊ ဗျိုင်း၊ ဇီးကွက်၊ ငှက်ဆင်၊ ကျေး ၊ ကြက်ဖ၊ မျောက်၊ လူမျိုးစုံ၊ နတ်မျိုးစုံ၊ ပန်းပွင့်ပန်းခတ်မျိုးစုံ-ပုံများကို စနစ်ကျစွာ စီစဉ်ထားသိုထည့်သွင်းပြုလုပ်ထားခဲ့ခြင်း။
၈။ အပေါ်ထပ် အောက်ထပ်-ကလပ်တိုးထိပ်ရှိစိန်တောင်များတွင်လည်းကနုတ်ပန်းများသာမက ငှက်နှစ်ကောင်နှင့်မုံ့ ကြာဖူး၊ သမင်နှစ်ကောင်နှင့်ဓမ္မစကြာ၊ ခြင်္သေ့နှစ်ကောင်နှင့်ကနုတ်ပန်း၊ လူမျိုးစုံ၊ နတ်မျိုးစုံ၊ အရုပ်မျိုးစုံကို တစ်ခုနှင့်တစ်ခု မထပ်စေရန် ပုံစံအမျိုးမျိုးပြောင်းလဲပြုလုပ်ထားခြင်း။
၉။ အောက်ထပ်ရှိဝင်ပေါက်များမှာ -၁၁-ရာစုဟန် ဂုံးဝိုင်းများဖြစ်ပြီး-အပေါ်ထပ်ရှိ ၀င်ပေါက်များမှာ -၁၂-ရာစုဟန် ဂုံးချွန်းများဖြစ်ခြင်း။
၁၀။ တိန်းညင်ဘောင်ကို-အဖြောင့်၊ အခုံး၊ အချိတ် ပုံစံသုံးမျိုးဖြင့် ပြုလုပ်ထားခြင်း၊
တမုတ်ရှင်ပင်ရွှေဂူကြီးမြတ်စွာဘုရား ပြန်လည်ပြုပြင်ခြင်း
လုပ်ငန်းကြီး(၅)ရပ်
၁။ အတွင်းမှ ပွင့်ပေါ်လာသော ဂူဘုရားကြီးကြံခိုင်စေရန်ပြုပြင်ခြင်းလုပ်ငန်း။
(က) အောက်ခြေပိုင်းဆွေးမြှေ့ နေသော အုတ်များဖယ်ထုတ်၍ ကြံ့ခိုင်အောင်အသစ်အစားထိုးပြုပြင်ခြင်း။
(ခ) ပန်းတော့လက်ရာ အင်္ဂတေပန်းလက်ရာများ ကြံ့ခိုင်အောင် ကော်ရည်ထည့်ခြင်း၊ ကြားသိပ်ခြင်း၊ အနားသတ်ခြင်း၊ ဓါတုဗေဒဆေးရည်ဖြင့်ရှင်းလင်းခြင်း၊ ထိန်းသိမ်းခြင်း။
(ဂ) မုခ်ဝင်ပေါက်များ၊ သံအမာခံ၊ အင်္ဂလိုင်းများ၊ သံကူကွန်ကရိတိုင်များဖြင့် အားဖြည့်ထောက်ကူခြင်း။
(ဃ) ပြိုကျပျက်စီးသွားသော နေရာများတွင် ရှေးဟောင်းအုတ်များဖြင့်အစားထိုးပြုပြင်ခြင်း။
၂။ အပြင်မှ လွှမ်းငုံခဲ့သော စေတီတော်ကြီး၏ လက်ကျန်များထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်း
(က) မူလစေတီတော်ကြီး၏ ကြမ်းပြင်အနိမ့်ပိုင်းကို ရေပိတ်လွှာ၊ သံကူ ကွန်ကရိကြမ်းခင်းခြင်း။
(ခ) ထိုကြမ်းပြင်သို့  စီးကျလာသော ရေများ ထွက်လမ်းအတွက် ရေထုတ်ပြွန်များနှင့် ခေတ္တရေလှောင်ကန်ပြုလုပ်ခြင်း။ (ရေစုပ်စက်ဖြင့်ထုတ်ပစ်ရန်)
(ဂ) အပြင်စေတီတော်ကြီး၏ မူလပန္နက်ပုံကျန်ရှိစေရန် လက်ရှိစေတီတော်ကြီး၏ ဘိနပ်တော်ကို မြေပြင်အထက်(၃‘) အထိချန်လှပ်၍ အုတ်ရိုးများပြုပြင်ခြင်း။
(ဃ) အနောက်တောင်ထောင့်ရှိ မူလအပြင်စေတီတော်ကြီး၏ ဖြတ်ပိုင်းပုံကျန်ရှိ ပေါ်လွင်စေရန် ထု(၁၆ပေ)ခန့် ရှိ နံရံကြီးကိုချန်လှပ်၍ အမာခံကွန်ကရိ ထောက်တိုင်များထည့်သွင်းခြင်း၊ မူလပစ္စယာသုံးဆင့်၏နမူနာအပိုင်းများပြုပြင်ခြင်းနှင့်နောက်တောင်ထောင့်၌ စေတီတော်ကြီး၏ ထောင့်ပတ်လမ်းနေရာတွင် လှိုင်တွင်း ဖောက်ခြင်းလုပ်ငန်း။
(င) အပြင်စေတီတော်ကြီး၏ ကျန်ရှိသော အုတ်ရိုးအပေါ်နှင့် အောက်အဆင့် ကြမ်းပြင်တို့၌အကျယ် (၃‘)ရှိ နေပူခံစကျင်ကျောက်ပြား ဘုရားလမ်းခင်းခြင်း။
၃။ပွင့်ပေါ်လာသော ဆင်းတုတော်များရှေးမူမပျက် ခေတ်အလိုက် ပြုပြင်ခြင်းလုပ်ငန်း။
(က) အောက်ထပ်ရှိ ဆင်းတုတော်ကြီး(၄)ဆူ- ဆင်းတုငယ် ၁၆ဆူ
(ခ)အထပ်ထပ်ရှိ ဆင်းတုတော် (၆)ဆူ- ဆူတုငယ် ၄ဆူ
(ဂ) အနောက်မြောက်ထောင့် သိမ်တော်အတွင်းရှိ ဆင်းတုတော် (၃)ဆူ
(ဃ) အနောက်တောင်ထောင့် ဂူကြီးအတွင်းရှိ ဆင်းတုတော် (၂)ဆူ တစ်ဆူလျှင်(၃ ထပ်)တို့ကို ရှေးမှုမပျက်ထိန်းသိမ်းခြင်း။
၎။ စေတီတော်ကြီး၏ ပတ်ဝန်းကျင်ပြုပြင်ခြင်းလုပ်ငန်း။
(က) ရေနုတ်မြောင်းပါဝင်သော အကျယ် (၁၀)ပေရှိ ရင်ပြင်တော်ခင်းခြင်း။
(ခ) စေတီတော်ကြီးနှင့် ပေ(၅၀) အကွာမှ ဖက်လေးတန်တွင် ဘုရားတံတိုင်း တည်ဆောက်ခြင်း။
(ဂ) စေတီတော်ကြီး၏ အတွင်းအပြင်တို့၌ သင့်တော်သောစနစ်ဖြင့် လျှပ်စစ်မီးများ သွယ်တန်းထွန်းညှိခြင်း။
၅။ရာသီဥတုဒဏ်ကာကွယ်ခြင်းလုပ်ငန်း။
(က) စေတီတော်ကြီးကို နေဒဏ်၊ လေဒဏ်၊ မိုးဒဏ်တို့မှ ထာဝရကာကွယ် စောင့်ရှောက်သွားနိုင်ရန်အတွက် အချင်း ပေ(၁၂၀) ရှိစက်လုံးခြမ်းသံမဏိဂုံးကြီးများ ခိုင်မာစွာတည်ဆောက်ခြင်း။
(ခ) အပေါ်မှ အလင်းပေါက်အမိုးပြားများ တပ်ဆင်ခြင်း။
(ဂ) စေတီတော်ကြီး၏ ထိပ်တွင်မူလကရှိခဲ့သော စေတီငယ်အတွက် ကိုယ်စား တည်ခြင်းဖြစ်သော သင့်တော်သောအရွယ်ရှိ စတီးလ်အမာခံ ရွှေရောင် စတီးလ်ပြားကပ် စေတီတော်ငယ် ထည့်သွင်းတည်ထားခြင်းစသည့်လုပ်ငန်းများ ပြုလုပ်ကြမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှဘုရားများ သမိုင်း page မှ ကူယူပါသည်။
No comments:
Post a Comment