Search This Blog

Friday, July 17, 2015

ရွေှမျက်မှန်ှဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သမိုင်း.

မန်မာနိုင်ငံမှဘုရားများ သမိုင်း wrote a new note:
 ရွေှမျက်မှန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ပဲခူးတိုင်း(အနောက်ပိုင်း)၊ ရွေှတောင်မြို့တွင် ကိန်းဝပ်စံပယ်လျက်ရှိသော သမိုင်းဝင် တန်ခိုးကြီးဘုရားများတွင် တစ်ဆူအပါအဝင် ဖြစ်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ရွေှမျက်မှန် တပ်ဆင် ပူဇော်ထားသော တစ်ဆူတည်းသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်ပါသည်။ ရွေှမျက်မှန်ဘုရားကြီးထံတွင် ရိုသေလေးမြတ်စွာ အဓိဋ္ဌာန်ဆောက်တည် ကြည်ညိုပါက ရာထူးအာဏာ ဘုန်းတန်ခိုး ထွန်းတောက် ပြည့်ဖြိုးအောင်မြင်ခြင်း၊ ကောင်ကျိုးရရှိခြင်းနှင့် လိုအင်ဆန္ဒ ပြည့်စုံခြင်းများ ဒိဋ္ဌဓမ္မ တွေ့ကြုံခံစားရသည်ဟု သိရှိရပါသည်။ အထူးသဖြင့် မျက်စိဝေဒနာရှင်များ၊ မျက်စိအလင်း ကွယ်ပျောက်သွားသူများသည် ဘုရားကြီး၏ ရှေ့တော်မှောက်တွင် အဓိဋ္ဌာန်ပြီး ရွေှမျက်မှန် ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် မျက်စိဝေဒနာများ သက်သာပျောက်ကင်းကြောင်း၊ မျက်စိအလင်း ပြန်လည်ရရှိကြောင်း သိရှိရပါသည်။ ရွေမျက်မှန် ဘုရားကြီး၏ ကြည်ညိုဖွယ်ရာ သမိုင်းအကျဉ်းချုပ်ကို စာဖတ်သူတို့ ဖတ်ရှု့လေ့လာကာ ကြည်ညိုသဒ္ဓါပွားနိုင်စေရန် တင်ပြ လိုက်ရပါသည်။
 
"ဆုတောင်းပြည့် ရွေှမျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး" ၏ သမိုင်းအကျဉ်းချုပ်
 
ပဲခူးတိုင်း (အနောက်ပိုင်း) ရွေှတောင်မြို့တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော 'သမိုင်းဝင် ဆုတောင်းပြည့် ရွေှမျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး' သည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် ရွေှမျက်မှန် တပ်ဆင်ပူဇော်ထားသည့် တစ်ဆူတည်းသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်၍ ထင်ပေါ်ကျော်ကြား လူသိများသော ဘုရားကြီး ဖြစ်ပါသည်။
 
ပျူခေတ်နှောင်း၊ သရေခေတ္တရာမင်းအဆက်ဆက် တည်ထောင်ခဲ့သည့် ဒွတ္တဘောင်မင်းကြီးနှင့် ဗိဿနိုးမိဖုရားနှင့့် စန္ဒာဒေဝီမိဖုရားတို့သည် ဘီစီ(၅)ရာစုအတွင်း ရွေှတောင်မြို့ အနောက်တောင်ယွန်းယွန်းရှိ ရွေှနတ်တောင် စေတီတော်မြတ်ကြီးကို အသစ်ထပ်မံ ပြုပြင်ပူဇော်ဖူးမျှော်ပြီး အပြန်ခရီးတစ်ထောက်အဖြစ် ယခုတည်ကုန်းဟု ခေါ်ဆိုသောအရပ်တွင် ညအိပ်ရပ်နားခဲ့သည်။ ဗိဿနိုးမိဖုရားကြီးသည် ညဥ့်အခါတည်းခိုရပ်နားစဉ် အိပ်မက်မြင်မက်ခဲ့သည်။ မိမိတို့တည်းခိုသောနေရာ၏ အနောက်မြောက် ယွန်းယွန်း အရပ်တစ်နေရာတွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဖူးမျှော်ရကြောင်း အိပ်မက်မြင်မက်သည်ကို နံနက်မိုးသောက်သောအခါ ဒွတ္တဘောင်မင်းကြီးထံ အကြောင်းစုံလျှောက်ထားရာ မင်းကြီးလည်း မိဖုရား၊ မှူးမတ်၊ ပရိပ်သတ်နှင့် ယင်းနေရာကို ကြွရောက်ရှာဖွေကြလေသည်။
 
ယခု ရွေှမျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်လျှက်ရှိသောနေရာ ဖျောက်ဆိပ်ကုန်း(ယခု-သိမ်ကုန်း) သို့ ရောက်သောအခါ ဘုရားရောင်ကြည်တော်ကဲ့သို့ အရောင်မျိုးစုံဝင်းလက်၍ ကောင်းကင်သို့ ရောင်စဉ်များ ဖြာတက်သွားသည်ကို မင်း၊ မိဖုရား၊ မှူးမတ်နှင့် ပရိတ်သတ်တို့ မြင်တွေ့လိုက်ရသဖြင့် မိမိတို့ဘုရားတည်ပြီး ကုသိုလ်ကောင်းမှုပြုရန်အတွက် နတ်ကောင်းနတ်မြတ်များက ပြသခြင်းဖြစ်သည်ဟု ယုံကြည်ကာ ဤရုပ်ပွားတော်မြတ်ကြီးကို မဟာသက္ကရာဇ် (၂၅၀)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါသည်။ (ထိုစဉ်က ရွေှမျက်မှန် တပ်ဆင်ထားခြင်း မရှိသေးပါ။) ဤကဲ့သို့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ပြီး မကြာသောကာလတွင် ဒွတ္တဘောင်မင်းတရားကြီး၏ နတ်မျက်စိအလင်းရောင် ကွယ်သွားရာ ပညာရှိမှူးမတ်များအား ဗေဒင်ကိိန်ခန်းများ တွက်ချက်ကြည့်စေသောအခါ မင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရုပ်ပွားတော်မြတ်ကြီးတွင် ရုပ်ပွားတော်မြတ်ကြီး၏ မျက်လုံးတော်နှင့် လိုက်ဖတ်ညီသော မျက်လုံးတော်ပုံသဏ္႑ာန်နှင့် တူညီသည့်မှန်တစ်စုံကို ဆက်ကပ်လှူဒါန်းပါက မင်းကြီး၏ နတ်မျက်စိအလင်းရောင် ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း လှျှောက်ထားကြသဖြင့် မှန်တစ်စုံကို မှန်တစ်စုံကို ဗုဒ္ဓရုပ်ပွားတော်တွင် ဆက်ကပ်လှူဒါန်းရာ မင်းကြီး၏ နတ်မျက်စိအလင်း ပြန်လည်ရရှိခ့ဲလေသည်။
 
မြန်မာသက္ကရာဇ် (၁၂၂၇) ခုနှစ်မတိုင်မီ ကုန်းဘောင်ခေတ်ကာလတွင် သာသနာရေးဂိုဏ်းဂဏများ အသင်းကွဲ ပေါ်ပေါက်လာသဖြင့် သာသနာတော် တည်တံ့ပြန့်ပွားစေခြင်းငှာ ရွေှတောင်မြို့သားကြီး ဇေယျနန္ဒမိတ်က ယင်းဗုဒ္ဒရုပ်ပွားတော်မြတ်ကြီီးအား ပြန်လည်ပြုပြင်၍ ဒွတ္တဘောင်မင်းကြီး လှူဒါန်းခဲ့သော မှန်တစ်စုံကို ခြုံငုံလျက် ရွေှသားအတိရှိသော မျက်မှန်တော်ကြီးအဖြစ် ပြုပြင်မွန်းမံ တပ်ဆင်ပူဇော်ခဲ့လေသည်။
 
ဤရွေှမျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ သမိုင်းအကျဉ်းချုပ်ကို ဂေါပကအဖွဲ့ (ရွေှမျက်မှန်ဘုရားကြီိး)မှ ရေးသားပြုစု၍ ဦးဝိုင်းတင် (အတွင်းရေးမှူး၊ ရွေှမျက်မှန်ဂေါပကအဖွဲ့) မှ ထုတ်ဝေသော သမိုင်းဝင် ဆုတောင်ပြည့် ရွေှမျက်မှန် ဗုဒ္ဒရုပ်ပွားတော်မြတ်ကြီး၏ သမိုင်းအကျဉ်းချုပ်မှ ကူးယူရေးသား ပူဇော်ခြင်းဖြစ်ပါသည်

No comments:

Post a Comment