Search This Blog

Friday, July 17, 2015

ရန္၀ါ၊သို႔မဟုတ္ သာမန္ဘ၀ကေန ဘီလီယံနာသူေဌးႀကီးျဖစ္ေအာင္ ႀကိဳးပမ္းခဲ့သူ ( ရန်ဝါ၊သို့မဟုတ် သာမန်ဘ၀ကနေ ဘီလီယံနာသူဌေးကြီးဖြစ်အောင် ကြိုးပမ်းခဲ့သူ )


==============
ေရးသူ- လင္းလင္း(ကညက)

၂၀၁၅ ခုႏွစ္အတြင္း အိႏိၵယႏိုင္ငံမွာ ေနာက္ထပ္ဘီလီယံနာ သူၾကြယ္သူေဌးႀကီးတစ္ေယာက္ ေပၚထြက္လာခဲ့ျပန္ပါတယ္။ သူကေတာ့ မဟာရက္ရွ္ၾထာ (Maharashtra) ျပည္နယ္ထဲက ဒူလီယာ (Dhulia) ၿမိဳ႕ေလးမွာ ေမြးဖြားႀကီးျပင္းခဲ့တဲ့ ဆတ္ဟာ့ရ္ွရန္၀ါ (Subhash Runwal) ပါပဲ။ သူ႔အဘိုးဟာ ရတနာကုန္သည္ တစ္ေယာက္ပါ။ ဒါေပမဲ့ ဆယ္ေက်ာ္သက္အရြယ္မွာ သူ႔မိသားစုဟာ ခက္ခဲၾကမ္းတမ္းတဲ့ဘ၀ကို ျဖတ္သန္းခဲ့ရပါတယ္။ ေမြးခ်င္းေမာင္ႏွမ ၅ ေယာက္ထဲမွာ အငယ္ဆံုးျဖစ္တဲ့ ရန္၀ါဟာ ေမြးရပ္ေျမ ဒူလီယာကေန စြန္႔ခြာၿပီး ပြန္းၿမိဳ႕ (Pune) ကို စာသင္ဖို႔ ထြက္ခြာခဲ့တယ္။ ကူးသန္းေရာင္းသန္းေရး (Commerce) ဘာသာရပ္နဲ႔ ဘြဲ႕ရၿပီးတဲ့ေနာက္ သူဟာ ကိုယ္ပိုင္စာရင္းကိုင္လုပ္ငန္း (Chartered Accountancy) လုပ္ကုိုင္ဖို႔ မြမ္ဘိုင္းကို ဆက္လက္ထြက္ခြာခဲ့ပါတယ္။ အဲဒီတုန္းက သူဟာ ၂၁ ႏွစ္ပဲ ရွိေသးၿပီး အိတ္ထဲမွာ ပိုက္ဆံဆိုလို႔ ၂ ေဒၚလာျပည့္ေအာင္ေတာင္ ပါမလာခဲ့ပါဘူး။
ရန္၀ါဟာ Ernst & Ernst ကုမၸဏီမွာ အလုပ္ရခဲ့ၿပီး အေမရိကန္ႏိုင္ငံ မစ္ဇိုရီျပည္နယ္က စိန္႔လူး၀စ္မွာ တာ၀န္ထမ္းေဆာင္ခဲ့ပါတယ္။ ဒါေပမဲ့ ေျခာက္လအတြင္းမွာပဲ သူဟာ အိႏိၵယကို ျပန္လာဖို႔ ဆံုးျဖတ္ခဲ့တယ္။ “ကၽြန္ေတာ္က သူတို႔ရဲ႕ လူေနမႈပံုစံကို မႀကိဳက္လို႔ဗ်” လို႔ ရန္၀ါက မြမ္ဘိုင္းၿမိဳ႕ ဆင္ေျခဖံုးအရပ္မွာရွိတဲ့ သူ႔႐ံုးခန္းထဲမွာ ထိုင္ရင္း သူ႔ရဲ႕ အေမရိကားအေတြ႕အႀကံဳကို ျပန္ေျပာျပပါတယ္။ သူ႔စားပြဲရဲ႕ ေနာက္မွာေတာ့ သူ႔သမီးကိုယ္တိုင္ဆြဲထားတဲ့ ပန္းခ်ီလက္ရာကို ဂုဏ္ယူ၀ံ့ၾကြားစြာ ခ်ိတ္ဆြဲထားပါတယ္။
မြမ္ဘိုင္းၿမိဳ႕မွာ သူပထမဆံုး ေနထိုင္ခဲ့ရတဲ့ေနရာကေတာ့ ဆင္ေျခဖံုးနဲ႔ ေတာ္ေတာ္လွမ္းတဲ့ စတူဒီယိုတစ္ခုထဲမွာ ျဖစ္ပါတယ္။ ဓာတုပစၥည္းေတြ ေရာင္းခ်တဲ့ကုမၸဏီတစ္ခုမွာ စာရင္းကိုင္အလုပ္ ၀င္လုပ္ခဲ့တုန္းက ငွားေနခဲ့တဲ့ အခန္းပါ။ ဒါေပမဲ့ ဘာမဆိုျဖစ္ေအာင္ လုပ္ႏိုင္တယ္ဆိုတဲ့ စိတ္ဓာတ္ပိုင္ရွင္ ရန္၀ါဟာ ဆက္ဆံေျပာဆိုရ ခက္ခဲတဲ့ အစိုးရအရာရွိ ဗ်ဴ႐ိုကရက္ေတြနဲ႔ အဆင္ေျပေအာင္ ေပါင္းတတ္သင္းတတ္တဲ့ လူငယ္တစ္ေယာက္အေနနဲ႔ တျဖည္းျဖည္းေက်ာ္ၾကားလာခဲ့ပါတယ္။ ေဒသသံုး မဟာသီ (Mahathi) ဘာသာစကားကို ကၽြမ္းက်င္စြာ ေျပာဆိုတတ္တဲ့အတြက္လည္း ရန္၀ါဟာ မြမ္ဘိုင္းက ဗ်ဴ႐ိုကရက္ေတြ ႏိုင္ငံေရးသမားေတြနဲ႔ ဆက္ဆံေရး အထူးေကာင္းမြန္ခဲ့ပါတယ္။ “မျဖစ္ႏိုင္ေလာက္ေအာင္ ခက္ခဲတဲ့ အလုပ္ေတြဆို ကၽြန္ေတာ့္ဆီ ထိုးေပးေတာ့တာပဲဗ်” လို႔ သူေဌးႀကီး ရန္၀ါက ျပန္ေျပာျပပါတယ္။
အဲဒီခက္ခဲတဲ့အလုပ္ေတြထဲက တစ္ခုကေတာ့ သူတို႔ကုမၸဏီက ထုတ္လုပ္ေနတဲ့ ဓာတုပစၥည္းတမ်ိဳးကို ျပည္ပကေန တင္သြင္းခြင့္ ပိတ္ပင္ေပးဖို႔ အစိုးရကို ေလာ္ဘီလုပ္ရတဲ့အလုပ္ပါ။ အစိုးရက အဲဒီဓာတုပစၥည္းတင္သြင္းမႈကို ပိတ္ပင္ေပးဖို႔ကိစၥ ေသခ်ာေစဖို႔အတြက္ ရန္၀ါဟာ ေဒလီကို တစ္ႏွစ္အတြင္း ၅၂ ႀကိမ္တိုင္ေအာင္ ေခ်ာင္းေပါက္မတတ္သြားၿပီး စည္း႐ံုးခဲ့ရပါတယ္။ အဲဒီေနာက္ပိုင္းက်မွ သူလုပ္ခဲ့တဲ့ ဓာတုပစၥည္းကုမၸဏီဟာ အျမတ္ေငြေတြသဲ့ၿပီး ရရွိခဲ့တာ ျဖစ္ပါတယ္။ အစိုးရဗ်ဴ႐ိုကရက္တစ္ အ၀န္းအ၀ိုင္းထဲမွာ ကြန္ရက္တည္ေဆာက္ၿပီးတဲ့ ေနာက္မွာေတာ့ ရန္၀ါဟာ အရာရာကိုစြန္႔စားဖို႔ ဆံုးျဖတ္ခဲ့ပါေတာ့တယ္။ အဲဒီေနာက္ အိမ္ၿခံေျမေလာကထဲ ၀င္ေရာက္ဖို႔ သူ ဆံုးျဖတ္လိုက္တယ္။ ၁၉၇၆ ခုႏွစ္က ျပ႒ာန္းထားတဲ့ Urban Land (Ceiling & Regulation) Act ေခၚ တင္းက်ပ္တဲ့ ၿမိဳ႕ျပေျမယာဆိုင္ရာ အက္ဥပေဒကို ေၾကေၾကညက္ညက္ေလ့လာလိုက္တဲ့အခါမွာ ပုန္းကြယ္ေနတဲ့ အခြင့္အလမ္းတခ်ိဳ႕ကို ရန္၀ါတစ္ေယာက္ ေတြ႕ျမင္ခဲ့ေတာ့တယ္။ အဲဒီဥပေဒအရဆိုရင္ အစိုးရက ေျမယာပိုင္ဆိုင္မႈေတြကို ကန္႔သတ္ထားသလို ၿမိဳ႕ျပက ေျမယာလြတ္ေတြကို ပိုင္ဆိုင္ခြင့္ရွိတယ္ဆိုတာ သူေတြ႕ရွိခဲ့တယ္။ (ယခုအခါမွာအဲဒီဥပေဒမွာပါ၀င္တဲ့ အခ်က္အေတာ္မ်ားမ်ားကို ျပင္ဆင္အစားထိုးခဲ့ၿပီး ျဖစ္ပါတယ္)
ရန္၀ါဟာ မြမ္ဘိုင္းၿမိဳ႕ရဲ႕ အခ်က္အခ်ာက်တဲ့ ဆင္ေျခဖံုးအရပ္က ၂၂ ဧက က်ယ္၀န္းတဲ့ ေျမကြက္နဲ႔ အိမ္ၿခံေျမေလာကထဲမွာ သူ႔ရဲ႕ပထမေျခလွမ္းကို စတင္ခဲ့တယ္။ အဲဒီဧရိယာဟာ တျဖည္းျဖည္းနဲ႔ သူ႔ရဲ႕ေအာင္ေျမ ျဖစ္လာခဲ့ပါတယ္။ သူဟာ အိမ္ၿခံေျမကိစၥ အေရာင္းအ၀ယ္လုပ္တဲ့အခါမွာ ေနာက္ျပန္မၾကည့္တတ္သူ ျဖစ္တယ္။ သူဟာ Land Ceiling Law နဲ႔ ၿငိေနတဲ့ ေျမကြက္ေတြကို လုိက္၀ယ္ၿပီး ဥပေဒနဲ႔ လြတ္ကင္းတဲ့ ေျမကြက္ျဖစ္ေအာင္ သူ႔နည္းသူ႔ဟန္နဲ႔ ႀကိဳးပမ္းႏိုင္ခဲ့ပါတယ္။
ပေရာဂ်က္စီမံကိန္းေတြမွာ ကိုယ္ပိုင္နာမည္ အသံုးျပဳေလ့ရွိတဲ့ ရန္၀ါဟာ လူလတ္တန္းစားေတြအတြက္ တန္ဖိုးနည္းတိုက္ခန္းအိမ္ရာေတြ ေရာင္းခ်ေပးတဲ့အတြက္ တျဖည္းျဖည္း လူသိမ်ား ေက်ာ္ၾကားလာခဲ့ပါတယ္။ သူ႔ပေရာဂ်က္ေတြထဲက ထင္ရွားတဲ့ ပေရာဂ်က္တစ္ခုကေတာ့ “သိန္း” ဆင္ေျခဖံုးအရပ္က အေဆာက္အဦး ၁၆ လံုးပါတဲ့ “ရန္၀ါနဂါး” ပေရာဂ်က္ႀကီးပါပဲ။ တိုက္ခန္းေတြ စေရာင္းတဲ့ ၁၈ လ အတြင္းမွာကိုပဲ ေစ်းႏႈန္းေတြဟာ ၂ ဆေက်ာ္ေအာင္ ျမင့္တက္ခဲ့ပါတယ္။ “ကၽြန္ေတာ္တို႔ ေဖာက္သည္ေတြက အရင္က အိုးပိုင္အိမ္ပိုင္ တစ္ခါမွမရွိဖူးၾကတဲ့ သူေတြပါ။ သူတို႔ဟာ ႐ိုးရာမုန္႔ေတြနဲ႔ ကၽြန္ေတာ့္႐ံုးခန္းထဲကို ဂါရ၀လာျပဳတတ္ၾကပါတယ္”လို႔ ရန္၀ါက ဆိုပါတယ္။
သူဟာ အိမ္ၿခံေျမအင္ပါယာကို တည္ေဆာက္ေနေပမဲ့ စက္မႈလုပ္ငန္းရွင္ႀကီးျဖစ္လိုတဲ့ အိပ္မက္ကိုလည္း မက္ခဲ့ပါေသးတယ္။ အဲဒါေၾကာင့္ ကုန္ထုတ္လုပ္ေရးနယ္ပယ္ထဲကိုပါ ၀င္ေရာက္ခဲ့ပါတယ္။ စတီးနဲ႔ ေဆး၀ါးထုတ္လုပ္ေရးလုပ္ငန္းေတြကို ခ်ဲ႕ထြင္လုပ္ကုိင္ခဲ့ေပမဲ့ ရန္၀ါတစ္ေယာက္ ေအာင္ျမင္မႈမရခဲ့ပါဘူး။ အဲဒါေၾကာင့္ ေနာက္ပိုင္းမွာ အဲဒီလုပ္ငန္းေတြကို ေရာင္းခ်ပစ္ခဲ့ၿပီး သူ႔ရဲ႕ မူလဘူတ အိမ္ၿခံေျမလုပ္ငန္းကိုသာ အာ႐ံုျပန္စိုက္ခဲ့ပါတယ္။ Runwal Group လုပ္ငန္းစုႀကီးအေနနဲ႔ လူလတ္တန္းစားေတြအတြက္ အေဆာက္အဦးေတြ ေဆာက္လုပ္ေနသလို ယခုဆိုရင္ နာမည္ေက်ာ္ မြမ္ဘိုင္းၿမိဳ႕ေတာင္ဘက္ပိုင္းမွာ လူခ်မ္းသာေတြအတြက္ အဆင့္ျမင့္အိမ္ရာေတြကိုပါ တည္ေဆာက္လာႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။
၁၉၉၅ ခုႏွစ္ စီပြားေရးေက်ာင္းဆင္း သားႏွစ္ေယာက္က သူ႔ရဲ႕မိသားစုလုပ္ငန္းထဲကို ပါ၀င္လာတဲ့အခ်ိန္ကစၿပီး ရန္၀ါကို ကုန္တိုက္စီးပြားေရးလုပ္ငန္းထဲမွာပါ ေတြ႕ျမင္လာခဲ့ရပါတယ္။ သားႏွစ္ေယာက္က သူတို႔ပေရာဂ်က္ေတြကို ေစ်းကြက္တင္ဖို႔ သူ႔ကို ပိုတြန္းအားေပးသလို သူ႔အတြက္ ေကာ္ပိုရိတ္အမွတ္အသားအသစ္တခုကို ဖန္တီးေပးခဲ့တဲ့အေၾကာင္း ရန္၀ါက ျပန္ေျပာျပပါတယ္။ သားႀကီးျဖစ္တဲ့ ဆန္ဒိ(ပ္) (Sandeep) ဟာ ဘန္ဂေလာမွာရွိတဲ့ Indian Institute of Management က MBA ဘြဲ႕ရတစ္ေယာက္ ျဖစ္ပါတယ္။ သားငယ္ ဆူေဘာ့(ထ္) (Subodh) ကလည္း Northeastern University ကေန MBA ဘြဲ႕ရရွိခဲ့တာ ျဖစ္ပါတယ္။
ရန္၀ါဟာ စကၤာပူအစိုးရ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္ပိုးေရးရွင္း (GIC) ရဲ႕ ေက်ာေထာက္ေနာက္ခံျပဳမႈကို ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕စည္း႐ံုးမႈေၾကာင့္ စကၤာပူရဲ႕ GIC ဟာ မြမ္ဘိုင္းက သူ႔ကုန္တုိက္တစ္ခုမွာ ပါ၀င္ရင္းႏွီးျမႇဳပ္ႏွံခဲ့ပါတယ္။ သူ႔လုပ္ငန္းမွာ အခ်ိန္မီၿပီးစီးဖို႔က အေရးႀကီးေၾကာင္း ရန္၀ါက ဆိုပါတယ္။ “ကၽြန္ေတာ့္ပေရာဂ်က္ေတြမွာ ခြင့္ျပဳခ်က္မရလို႔ ၾကန္႔ၾကာေနတာမ်ိဳး မရွိခဲ့ဘူးဗ်။ ကၽြန္ေတာ့္မွာ မျဖစ္ႏိုင္ဘူးဆိုတာ ဘာမွမရွိခဲ့ဘူး”
သူႀကိဳးပမ္းအားထုတ္ခဲ့တာေတြဟာ ယခုေတာ့ လူ႔အဖြဲ႕အစည္းအတြက္ျဖစ္ေၾကာင္း ဘီလီယံနာသူေဌးႀကီးက ေျပာပါတယ္။ ႏွစ္စဥ္ႏွစ္တုိင္း သူဟာ အေမရိကန္ေဒၚလာ ၁ သန္းခြဲေလာက္ကို ေခါင္းစဥ္အမ်ိဳးမ်ိဳးနဲ႔ လွဴဒါန္းေနပါတယ္။ ေနာက္ၿပီး နာဗီမြမ္ဘိုင္း (Navi Mombai) မွာ ဟိုတယ္ႏွစ္လံုး ေဆာက္လုပ္ၿပီး ေငြေၾကးခ်ိဳ႕တဲ့သူေတြကို ပညာေရးအတြက္ စေကာ္လားရွစ္လည္း စီစဥ္ေပးထားပါတယ္။ မနက္တုိင္း ပင္လယ္ျပာျပာကို မ်က္ႏွာမူၿပီးေဆာက္ထားတဲ့ သူ႔အိမ္ေဂဟာေရွ႕က ကမ္းနားစႀကၤန္အတိုင္း လမ္းေလွ်ာက္ေလ့ရွိတဲ့ ရန္၀ါဟာ ကမာၻေက်ာ္ ေဘာလိ၀ုဒ္မင္းသားႀကီး ရွရြတ္ခန္းနဲ႔လည္း အိမ္နီးခ်င္းေတြ ျဖစ္ပါတယ္။ သာမန္ကေန ဘီလီယံနာသူေဌးႀကီးဘ၀ေရာက္ေအာင္ မဆုတ္မနစ္ႀကိဳးပမ္းခဲ့တဲ့ ရန္၀ါက “ကၽြန္ေတာ္ဟာ ဘ၀မွာ ကၽြန္ေတာ္စိတ္ကူးအိပ္မက္ခဲ့တာထက္ ပိုၿပီးပိုင္ဆိုင္ႏိုင္ခဲ့ပါၿပီ” လို႔ ဂုဏ္ယူ၀ံ့ၾကြားစြာနဲ႔ ေျပာၾကားခဲ့ပါတယ္။

Ref: India’s Newest Billionaire: Subhash Runwal, Built A Property Empire From Nothing (Forbes India)
(Myanmar B2B Management Magazine, October 2015)
....................................
ရေးသူ- လင်းလင်း(ကညက)

၂၀၁၅ ခုနှစ်အတွင်း အိနိ္ဒယနိုင်ငံမှာ နောက်ထပ်ဘီလီယံနာ သူကြွယ်သူဌေးကြီးတစ်ယောက် ပေါ်ထွက်လာခဲ့ပြန်ပါတယ်။ သူကတော့ မဟာရက်ရှ်ထြာ (Maharashtra) ပြည်နယ်ထဲက ဒူလီယာ (Dhulia) မြို့လေးမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ဆတ်ဟာ့ရ်ှရန်ဝါ (Subhash Runwal) ပါပဲ။ သူ့အဘိုးဟာ ရတနာကုန်သည် တစ်ယောက်ပါ။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်မှာ သူ့မိသားစုဟာ ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ဖြတ်သန်းခဲ့ရပါတယ်။ မွေးချင်းမောင်နှမ ၅ ယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ ရန်ဝါဟာ မွေးရပ်မြေ ဒူလီယာကနေ စွန့်ခွာပြီး ပွန်းမြို့ (Pune) ကို စာသင်ဖို့ ထွက်ခွာခဲ့တယ်။ ကူးသန်းရောင်းသန်းရေး (Commerce) ဘာသာရပ်နဲ့ ဘွဲ့ရပြီးတဲ့နောက် သူဟာ ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း (Chartered Accountancy) လုပ်ကိုင်ဖို့ မွမ်ဘိုင်းကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ ၂၁ နှစ်ပဲ ရှိသေးပြီး အိတ်ထဲမှာ ပိုက်ဆံဆိုလို့ ၂ ဒေါ်လာပြည့်အောင်တောင် ပါမလာခဲ့ပါဘူး။
ရန်ဝါဟာ Ernst & Ernst ကုမ္ပဏီမှာ အလုပ်ရခဲ့ပြီး အမေရိကန်နိုင်ငံ မစ်ဇိုရီပြည်နယ်က စိန့်လူး၀စ်မှာ တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ခြောက်လအတွင်းမှာပဲ သူဟာ အိနိ္ဒယကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့တယ်။ “ကျွန်တော်က သူတို့ရဲ့ လူနေမှုပုံစံကို မကြိုက်လို့ဗျ” လို့ ရန်ဝါက မွမ်ဘိုင်းမြို့ ဆင်ခြေဖုံးအရပ်မှာရှိတဲ့ သူ့ရုံးခန်းထဲမှာ ထိုင်ရင်း သူ့ရဲ့ အမေရိကားအတွေ့အကြုံကို ပြန်ပြောပြပါတယ်။ သူ့စားပွဲရဲ့ နောက်မှာတော့ သူ့သမီးကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီလက်ရာကို ဂုဏ်ယူဝံ့ကြွားစွာ ချိတ်ဆွဲထားပါတယ်။
မွမ်ဘိုင်းမြို့မှာ သူပထမဆုံး နေထိုင်ခဲ့ရတဲ့နေရာကတော့ ဆင်ခြေဖုံးနဲ့ တော်တော်လှမ်းတဲ့ စတူဒီယိုတစ်ခုထဲမှာ ဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေ ရောင်းချတဲ့ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်အလုပ် ၀င်လုပ်ခဲ့တုန်းက ငှားနေခဲ့တဲ့ အခန်းပါ။ ဒါပေမဲ့ ဘာမဆိုဖြစ်အောင် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ပိုင်ရှင် ရန်ဝါဟာ ဆက်ဆံပြောဆိုရ ခက်ခဲတဲ့ အစိုးရအရာရှိ ဗျူရိုကရက်တွေနဲ့ အဆင်ပြေအောင် ပေါင်းတတ်သင်းတတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့ တဖြည်းဖြည်းကျော်ကြားလာခဲ့ပါတယ်။ ဒေသသုံး မဟာသီ (Mahathi) ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်တဲ့အတွက်လည်း ရန်ဝါဟာ မွမ်ဘိုင်းက ဗျူရိုကရက်တွေ နိုင်ငံရေးသမားတွေနဲ့ ဆက်ဆံရေး အထူးကောင်းမွန်ခဲ့ပါတယ်။ “မဖြစ်နိုင်လောက်အောင် ခက်ခဲတဲ့ အလုပ်တွေဆို ကျွန်တော့်ဆီ ထိုးပေးတော့တာပဲဗျ” လို့ သူဌေးကြီး ရန်ဝါက ပြန်ပြောပြပါတယ်။
အဲဒီခက်ခဲတဲ့အလုပ်တွေထဲက တစ်ခုကတော့ သူတို့ကုမ္ပဏီက ထုတ်လုပ်နေတဲ့ ဓာတုပစ္စည်းတမျိုးကို ပြည်ပကနေ တင်သွင်းခွင့် ပိတ်ပင်ပေးဖို့ အစိုးရကို လော်ဘီလုပ်ရတဲ့အလုပ်ပါ။ အစိုးရက အဲဒီဓာတုပစ္စည်းတင်သွင်းမှုကို ပိတ်ပင်ပေးဖို့ကိစ္စ သေချာစေဖို့အတွက် ရန်ဝါဟာ ဒေလီကို တစ်နှစ်အတွင်း ၅၂ ကြိမ်တိုင်အောင် ချောင်းပေါက်မတတ်သွားပြီး စည်းရုံးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းကျမှ သူလုပ်ခဲ့တဲ့ ဓာတုပစ္စည်းကုမ္ပဏီဟာ အမြတ်ငွေတွေသဲ့ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ အစိုးရဗျူရိုကရက်တစ် အ၀န်းအ၀ိုင်းထဲမှာ ကွန်ရက်တည်ဆောက်ပြီးတဲ့ နောက်မှာတော့ ရန်ဝါဟာ အရာရာကိုစွန့်စားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ အဲဒီနောက် အိမ်ခြံမြေလောကထဲ ၀င်ရောက်ဖို့ သူ ဆုံးဖြတ်လိုက်တယ်။ ၁၉၇၆ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ Urban Land (Ceiling & Regulation) Act ခေါ် တင်းကျပ်တဲ့ မြို့ပြမြေယာဆိုင်ရာ အက်ဥပဒေကို ကြေကြေညက်ညက်လေ့လာလိုက်တဲ့အခါမှာ ပုန်းကွယ်နေတဲ့ အခွင့်အလမ်းတချို့ကို ရန်ဝါတစ်ယောက် တွေ့မြင်ခဲ့တော့တယ်။ အဲဒီဥပဒေအရဆိုရင် အစိုးရက မြေယာပိုင်ဆိုင်မှုတွေကို ကန့်သတ်ထားသလို မြို့ပြက မြေယာလွတ်တွေကို ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာ သူတွေ့ရှိခဲ့တယ်။ (ယခုအခါမှာအဲဒီဥပဒေမှာပါ၀င်တဲ့ အချက်အတော်များများကို ပြင်ဆင်အစားထိုးခဲ့ပြီး ဖြစ်ပါတယ်)
ရန်ဝါဟာ မွမ်ဘိုင်းမြို့ရဲ့ အချက်အချာကျတဲ့ ဆင်ခြေဖုံးအရပ်က ၂၂ ဧက ကျယ်၀န်းတဲ့ မြေကွက်နဲ့ အိမ်ခြံမြေလောကထဲမှာ သူ့ရဲ့ပထမခြေလှမ်းကို စတင်ခဲ့တယ်။ အဲဒီဧရိယာဟာ တဖြည်းဖြည်းနဲ့ သူ့ရဲ့အောင်မြေ ဖြစ်လာခဲ့ပါတယ်။ သူဟာ အိမ်ခြံမြေကိစ္စ အရောင်းအ၀ယ်လုပ်တဲ့အခါမှာ နောက်ပြန်မကြည့်တတ်သူ ဖြစ်တယ်။ သူဟာ Land Ceiling Law နဲ့ ငြိနေတဲ့ မြေကွက်တွေကို လိုက်၀ယ်ပြီး ဥပဒေနဲ့ လွတ်ကင်းတဲ့ မြေကွက်ဖြစ်အောင် သူ့နည်းသူ့ဟန်နဲ့ ကြိုးပမ်းနိုင်ခဲ့ပါတယ်။
ပရောဂျက်စီမံကိန်းတွေမှာ ကိုယ်ပိုင်နာမည် အသုံးပြုလေ့ရှိတဲ့ ရန်ဝါဟာ လူလတ်တန်းစားတွေအတွက် တန်ဖိုးနည်းတိုက်ခန်းအိမ်ရာတွေ ရောင်းချပေးတဲ့အတွက် တဖြည်းဖြည်း လူသိများ ကျော်ကြားလာခဲ့ပါတယ်။ သူ့ပရောဂျက်တွေထဲက ထင်ရှားတဲ့ ပရောဂျက်တစ်ခုကတော့ “သိန်း” ဆင်ခြေဖုံးအရပ်က အဆောက်အဦး ၁၆ လုံးပါတဲ့ “ရန်ဝါနဂါး” ပရောဂျက်ကြီးပါပဲ။ တိုက်ခန်းတွေ စရောင်းတဲ့ ၁၈ လ အတွင်းမှာကိုပဲ ဈေးနှုန်းတွေဟာ ၂ ဆကျော်အောင် မြင့်တက်ခဲ့ပါတယ်။ “ကျွန်တော်တို့ ဖောက်သည်တွေက အရင်က အိုးပိုင်အိမ်ပိုင် တစ်ခါမှမရှိဖူးကြတဲ့ သူတွေပါ။ သူတို့ဟာ ရိုးရာမုန့်တွေနဲ့ ကျွန်တော့်ရုံးခန်းထဲကို ဂါရ၀လာပြုတတ်ကြပါတယ်”လို့ ရန်ဝါက ဆိုပါတယ်။
သူဟာ အိမ်ခြံမြေအင်ပါယာကို တည်ဆောက်နေပေမဲ့ စက်မှုလုပ်ငန်းရှင်ကြီးဖြစ်လိုတဲ့ အိပ်မက်ကိုလည်း မက်ခဲ့ပါသေးတယ်။ အဲဒါကြောင့် ကုန်ထုတ်လုပ်ရေးနယ်ပယ်ထဲကိုပါ ၀င်ရောက်ခဲ့ပါတယ်။ စတီးနဲ့ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေကို ချဲ့ထွင်လုပ်ကိုင်ခဲ့ပေမဲ့ ရန်ဝါတစ်ယောက် အောင်မြင်မှုမရခဲ့ပါဘူး။ အဲဒါကြောင့် နောက်ပိုင်းမှာ အဲဒီလုပ်ငန်းတွေကို ရောင်းချပစ်ခဲ့ပြီး သူ့ရဲ့ မူလဘူတ အိမ်ခြံမြေလုပ်ငန်းကိုသာ အာရုံပြန်စိုက်ခဲ့ပါတယ်။ Runwal Group လုပ်ငန်းစုကြီးအနေနဲ့ လူလတ်တန်းစားတွေအတွက် အဆောက်အဦးတွေ ဆောက်လုပ်နေသလို ယခုဆိုရင် နာမည်ကျော် မွမ်ဘိုင်းမြို့တောင်ဘက်ပိုင်းမှာ လူချမ်းသာတွေအတွက် အဆင့်မြင့်အိမ်ရာတွေကိုပါ တည်ဆောက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
၁၉၉၅ ခုနှစ် စီပွားရေးကျောင်းဆင်း သားနှစ်ယောက်က သူ့ရဲ့မိသားစုလုပ်ငန်းထဲကို ပါ၀င်လာတဲ့အချိန်ကစပြီး ရန်ဝါကို ကုန်တိုက်စီးပွားရေးလုပ်ငန်းထဲမှာပါ တွေ့မြင်လာခဲ့ရပါတယ်။ သားနှစ်ယောက်က သူတို့ပရောဂျက်တွေကို ဈေးကွက်တင်ဖို့ သူ့ကို ပိုတွန်းအားပေးသလို သူ့အတွက် ကော်ပိုရိတ်အမှတ်အသားအသစ်တခုကို ဖန်တီးပေးခဲ့တဲ့အကြောင်း ရန်ဝါက ပြန်ပြောပြပါတယ်။ သားကြီးဖြစ်တဲ့ ဆန်ဒိ(ပ်) (Sandeep) ဟာ ဘန်ဂလောမှာရှိတဲ့ Indian Institute of Management က MBA ဘွဲ့ရတစ်ယောက် ဖြစ်ပါတယ်။ သားငယ် ဆူဘော့(ထ်) (Subodh) ကလည်း Northeastern University ကနေ MBA ဘွဲ့ရရှိခဲ့တာ ဖြစ်ပါတယ်။
ရန်ဝါဟာ စင်္ကာပူအစိုးရ ရင်းနှီးမြှုပ်နှံမှုကော်ပိုးရေးရှင်း (GIC) ရဲ့ ကျောထောက်နောက်ခံပြုမှုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့စည်းရုံးမှုကြောင့် စင်္ကာပူရဲ့ GIC ဟာ မွမ်ဘိုင်းက သူ့ကုန်တိုက်တစ်ခုမှာ ပါ၀င်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ သူ့လုပ်ငန်းမှာ အချိန်မီပြီးစီးဖို့က အရေးကြီးကြောင်း ရန်ဝါက ဆိုပါတယ်။ “ကျွန်တော့်ပရောဂျက်တွေမှာ ခွင့်ပြုချက်မရလို့ ကြန့်ကြာနေတာမျိုး မရှိခဲ့ဘူးဗျ။ ကျွန်တော့်မှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိခဲ့ဘူး”
သူကြိုးပမ်းအားထုတ်ခဲ့တာတွေဟာ ယခုတော့ လူ့အဖွဲ့အစည်းအတွက်ဖြစ်ကြောင်း ဘီလီယံနာသူဌေးကြီးက ပြောပါတယ်။ နှစ်စဉ်နှစ်တိုင်း သူဟာ အမေရိကန်ဒေါ်လာ ၁ သန်းခွဲလောက်ကို ခေါင်းစဉ်အမျိုးမျိုးနဲ့ လှူဒါန်းနေပါတယ်။ နောက်ပြီး နာဗီမွမ်ဘိုင်း (Navi Mombai) မှာ ဟိုတယ်နှစ်လုံး ဆောက်လုပ်ပြီး ငွေကြေးချို့တဲ့သူတွေကို ပညာရေးအတွက် စကော်လားရှစ်လည်း စီစဉ်ပေးထားပါတယ်။ မနက်တိုင်း ပင်လယ်ပြာပြာကို မျက်နှာမူပြီးဆောက်ထားတဲ့ သူ့အိမ်ဂေဟာရှေ့က ကမ်းနားစင်္ကြန်အတိုင်း လမ်းလျှောက်လေ့ရှိတဲ့ ရန်ဝါဟာ ကမ္ဘာကျော် ဘောလိ၀ုဒ်မင်းသားကြီး ရှရွတ်ခန်းနဲ့လည်း အိမ်နီးချင်းတွေ ဖြစ်ပါတယ်။ သာမန်ကနေ ဘီလီယံနာသူဌေးကြီးဘ၀ရောက်အောင် မဆုတ်မနစ်ကြိုးပမ်းခဲ့တဲ့ ရန်ဝါက “ကျွန်တော်ဟာ ဘ၀မှာ ကျွန်တော်စိတ်ကူးအိပ်မက်ခဲ့တာထက် ပိုပြီးပိုင်ဆိုင်နိုင်ခဲ့ပါပြီ” လို့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောကြားခဲ့ပါတယ်။

Ref: India’s Newest Billionaire: Subhash Runwal, Built A Property Empire From Nothing (Forbes India)
(Myanmar B2B Management Magazine, October 2015)

No comments:

Post a Comment